အိန္ဒိယမှာ ပဲစင်းငုံဈေးနှုန်း ရေတိုကာလအထိ တည်ငြိမ်နေမယ်လို့ ခန့်မှန်း

မြန်မာပြည်တွင်းမှာ ပဲစင်းငုံဈေး တဖြည်းဖြည်း ပြန်ကျလာနေပေမဲ့ အိန္ဒိယမှာတော့ ပဲစင်းငုံဈေးနှုန်းကို ရေတို တည်ငြိမ်မှု ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယမှာ ပဲစင်းငုံရောင်းအား နည်းနေပေမဲ့ ဝယ်လိုအားကလည်း များများစားစား မရှိသေးတာကြောင့် ဈေး အတက်အကျ သိပ်မရှိဘဲ ငြိမ်နေမယ်လို့ အိန္ဒိယပဲလုပ်ငန်းအသင်း IPGEA က ဆိုပါတယ်။

ပြည်တွင်းမှာ ပဲစင်းငုံတွေ အထွက်နည်းခဲ့လို့ ရောင်းအား အကန့်အသတ်သာ ရှိနေတယ်လို့လည်း IPGA က သုံးသပ်ထားပြီး ပဲစင်းငုံဈေး မြင့်မားနေချိန်မှာ စားသုံးသူတွေက တခြားပဲတွေကို အစားထိုး စားသုံးနေကြတယ် လို့လည်း ဆိုထားပါတယ်။

တချိန်တည်းမှာ ပဲခွဲစက်ပိုင်ရှင်တွေကလည်း ပဲစင်းငုံကို အမြောက်အများ ဝယ်မလှောင်သေးဘဲ လတ်တလော လိုအပ်သလောက်သာ ထိန်းဝယ်နေတယ်လို့ IPGA က ပြောပါတယ်။

အိန္ဒိယအစိုးရကလည်း ပဲစင်းငုံသိုလှောင်မှုနဲ့ ပဲစင်းငုံဈေးနှုန်းကို အနီးကပ် စောင့်ကြည့်နေပြီး ဒီအချက်ကလည်း ဈေးကွက်အပေါ်မှာ လွှမ်းမိုးမှု ရှိနေတယ်လု့ိ ဆိုပါတယ်။

မတ်ပဲ၊ ပဲစင်းငုံအခြေအနေကို အိန္ဒိယအာဏာပိုင်တွေက စောင့်ကြည့်နေကြပြီး ဝယ်လိုအား ၊ ရောင်းလိုအားနဲ့ မဆိုင်ဘဲ တမင်သက်သက် ဈေးကစားဖို့ ကြံရွယ်ချက်နဲ့ ဆွဲတင်တာမျိုး လုပ်လာရင် ခပ်ကြမ်းကြမ်း အရေးယူ ကိုင်တွယ်မယ်လို့ အသိပေးထားပါတယ်။

အရင်အပတ်က အိန္ဒိယအဝန်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးတန်းက တစ်ကွမ်တယ် (၁၀၀ ကီလိုဂရမ်) ကို ၁၁၅၀၀ ရူပီးနဲ့ ၁၂၀၀၀ ရူပီးကြား ရှိခဲ့ပါတယ်။ အိန္ဒိယအစိုးရက ၂၀၂၃-၂၄ ရာသီမှာ ပဲစင်းငုံအထွက်နှုန်း တန်ချိန် ၃.၃၃ သန်းသာ ရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၂-၂၃ အထွက်နှုန်းနဲ သိပ်မကွာဘူးလို့ ဆိုပါတယ်။

မြန်မာပြည်တွင်းမှာတော့ သင်္ကြန်နောက်ပိုင်းတည်းက နယ်ပဲစင်းငုံနီဈေးဟာ ကျပ် ၁၃၃၀၀၀ အထိ အမြင့်ဆုံး တက်ခဲ့ရာကနေ အခု ကျပ် ၁၂၉၀၀၀ ခန့်ကို ပြန်ကျနေပြီး ဘုရင့်နောင်ဒိုင်က ပြည်ပပို့ကုန် ပဲစင်းငုံနီ RC ဈေးကလည်း ကျပ် ၄၁ သိန်း ၇ သောင်းကနေ အခု ကျပ် သိန်း ၄၀ နဲ့ ၅ သောင်းကို ပြန်ကျနေပါတယ်။

Ref: Informist Media စာရေးသူ – ဖီးနစ် (သတင်းကို ပြန်ကူးခွင့် မပြုပါ၊ လွတ်လပ်စွာ Share နိုင်တယ်)

Share