ကမ္ဘာ့ရွှေဈေး အေးနေပေမဲ့ ပြည်တွင်းရွှေဈေး ကျပ် ၄၈ သိန်းဝန်းကျင်ကို ပြန်တက်

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေ မပြီးနိုင်သေးဘဲ အမေရိကန်ဗဟိုဘဏ်ကလည်း အတိုးနှုန်း လျှော့ချဖို့ကို အချိန်ဆွဲနေတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးက ခပ်အေးအေးပဲ ဖြစ်နေပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၃၁၇ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ၂၃၀၈ ဒေါ်လာခန့်သာ ရှိတော့ပြီး အဖွင့်ဈေးနဲ့ ယှဉ်ရင် ပြန်ကျလာတာ တွေ့ရပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်ကြား စေ့စပ်ညှိနှိုင်းမှုတွေ သိပ်တိုးတက်မလာဘဲ ပဋိပက္ခတွေသာ ဆက်ဖြစ်နေတဲ့အတွက် ရွှေကို စိတ်ချအာမခံတဲ့ကုန်စည်အဖြစ် ဝယ်လိုအား အနည်းငယ် ရှိနေပါတယ်။

 

ဒါပေမဲ့ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းတွေကို အများမျှော်လင့်ထားသလို ခပ်မြန်မြန် လျှော့ချမှာမဟုတ်ဘဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ အချိန်ဆွဲလုပ်မယ့်အလားအလာ ပြနေလို့ ရွှေဈေးကွက်မှာ ဖိအား ရှိနေပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေဈေးက ခပ်အေးအေး သွားနေပေမဲ့ ပြည်တွင်းရွှေဈေးကတော့ တစ်ကျပ်သားကို ကျပ် ၄၈ သိန်း ဝန်းကျင်ဆီ ပြန်တက်လာပါတယ်။ အရင်ရက်တွေက ကျပ် ၄၇ သိန်းခွဲမှာ အတော်ကြာ ငြိမ်နေရာက ဒီနေ့မှာ တက်ရိပ် ပြလာတာ ဖြစ်ပါတယ်။

ဒီနေ့ ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းက တစ်ဒေါ်လာကို ၃၉၉၀ ပတ်လည်ခန့် ရှိနေပြီး အခေါက်ရွှေဈေးကတော့ ကျပ် ၄၈၀၅,၀၀၀ အထိ ပြန်တက်လာတယ်လို့ သိရပါတယ်။ Ref: Investing စာရေးသူ – ငွေကြယ် (သတင်းကို ပြန်ကူးချခွင့် မပြုပါ၊ လွတ်လပ်စွာ Share ပေးနိုင်ပါတယ်)

Share