မတ်ပဲ၊ ပဲစင်းငုံ တရားမဝင် သိုလှောင်သူတွေကို အိန္ဒိယအစိုးရ ဖြိုခွင်းမယ်

အိန္ဒိယနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း အခြေခံစားကုန် ဖြစ်တဲ့ ပဲမျိုးစုံဈေးတွေ မြင့်နေတဲ့အတွက် ပြည်ထောင်စုအစိုးရက မတ်ပဲ၊ ပဲစင်းငုံ တရားမဝင် သိုလှောင်တာတွေကို စိစစ် အရေးယူဖို့ တာဝန်ရှိသူတွေကို မြေပြင်အထိ ကွင်းဆင်း စစ်ဆေးဖို့ ညွှန်ကြားလိုက်ပါတယ်။

တရားမဝင် ပဲသိုလှောင်သူတွေဟာ ပဲဈေးတွေ ဆက်တက်မလား ဆိုတဲ့ ခန့်မှန်းချက်နဲ့ ဈေးကွက်ထဲကို ထုတ် မရောင်းဘဲ လှောင်ထားကြတာ ဖြစ်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံအနှံ့အပြားက ပဲဂိုဒေါင်တွေ၊ ပဲခွဲစက်တွေ၊ ဈေးကွက်တွေအထိ ကွင်းဆင်းပြီး ပဲသိုလှောင်လက်ကျန် ဘယ်လောက် ရှိတယ်ဆိုတာကို လေ့လာဆန်းစစ်ကြမှာ ဖြစ်ပါတယ်။

ပထမဦးစားပေးအနေနဲ့ ပဲမျိုးစုံ ထုတ်လုပ်တဲ့ မဟာရာသျှတ္တရာ၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဂူဂျာရတ်ပြည်နယ်တွေကို ကနဦး ကွင်းဆင်း စစ်ဆေးမှာ ဖြစ်ပြီး ပဲတွေကို ရောင်းမထုတ်ဘဲ လှောင်ထားတယ်လို့ သံသယ ရှိတဲ့အတွက် တနိုင်ငံလုံးကိုပါ စစ်ဦးမယ်လို့ ဆိုပါတယ်။

ပြီးတော့ ပဲမျိုးစုံ ရှိတဲ့အနက် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲဝါလေးနဲ့ ကုလားပဲတွေကို အဓိကထား စစ်တမ်းယူ စစ်ဆေးမှာ ဖြစ်ပြီး ဒီပဲတွေကို သိုလှောင်ပမာဏထဲ စာရင်းတင်ပေမဲ့ လက်တွေ့မှာ ဈေးကွက်ကို ရောက်မလာတာကြောင့် အခုလို ကွင်းဆင်း စစ်ဆေးရတာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာအတာသင်္ကြန်ကာလတည်းက ပဲသိုလှောင်မှုကို တင်းကျပ်မယ့် အစီအစဉ်တွေ စတင် ချမှတ်ခဲ့ပြီး ပဲဈေးကွက်မှာ ပါဝင်သူအားလုံးဟာ သူတို့ လက်ထဲ ပဲလက်ကျန် ဘယ်လောက် ရှိနေသလဲဆိုတာ အစိုးရရဲ့ဝက်ဘ်ဆိုဒ်မှာ အပတ်စဉ် တင်ပြရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ ပဲလက်ကျန် ရှိသလောက် ဈေးကွက်ထဲ ရောက်မလာတဲ့အတွက် ပဲဈေးတွေက ခုထိ မြင့်မားနေပြီး ဒါကို မကြည်တဲ့ လက်ရှိ မိုဒီအစိုးရက ပဲဈေးကွက်ကို ဖိအားပေးဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီသတင်းရဲ့ ဂယက်ကြောင့် အိန္ဒိယမှာ မတ်ပဲ၊ ပဲစင်းငုံတွေ ဈေးကျလာပြီလို့ သိရပါတယ်။ Ref: Livemint စာရေးသူ – ဖီးနစ် (သတင်းကို ပြန်ကူးတင်ခွင့် မပြုပါ)

Share